This is not a Wikipedia article: It is an individual user's work-in-progress page, and may be incomplete and/or unreliable. For guidance on developing this draft, see Wikipedia:So you made a userspace draft. Find sources: Google (books · news · scholar · free images · WP refs) · FENS · JSTOR · TWL |
ကပ္ပိယကာရကလက်စွဲ ဆိုသည်မှာ ရဟန်းတော်များအား အပ်စပ်စွာ ကပ္ပိယကာရကများက စီမံပေးတတ်စေရန် လမ်းညွှန်ပေးသည့် ပိဋကတ်လာ စာပေများထဲမှ ကပ္ပိယကာရကများ မဖြစ်မနေ သိရမည်များကို ဖော်ထုတ်ပြထားသော စာစုများ ဖြစ်ပါသည်။
ခဲဖွယ်ဘောဇဥ်များ ဆက်ကပ်ပုံ ဆက်ကပ်နည်း
editကပ်ရန်မလိုသော ပစ္စည်းနှင့် ကပ်ရမည့် ပစ္စည်း
editရဟန်းတော်များသည် မိမိရှေ့မှောက်ရောက်ရှိနေသော ဆွမ်းခဲဖွယ် ဘောဇဉ်များကို ကိုယ်တိုင်ယူ၍ မဘုဉ်းပေး မသုံးဆောင်ကောင်းပါချေ။ ကပ်မည့်သူများက ဆက်ကပ်မှသာ ဘုဉ်းပေးသုံးဆောင်ကောင်းပါသည်။ ဤသို့ ဆက်ကပ်မှ စားခြင်းကား မြတ်စွာဘုရားရှင်၏ ပညတ်ချက် ဥပဒေစည်းမျဉ်းကြောင့်သာ ဖြစ်ပါသည်။
မြတ်စွာဘုရားရှင်သည် ဝေသာလီပြည် မဟာဝုန်တော၌ သီတင်းသုံးတော်မူစဉ် ရဟန်းတော်တစ်ပါးသည် သုသာန်၌ ပံသုကူဓုတင်ဆောင်လျက်နေ၏၊ ထိုရဟန်းသည် လူအများက ကောင်းမွန်လှသော ဆွမ်းသင်္ကန်းတို့ကို လာရောက်လှူသော်လည်း လက်ခံလိုခြင်း အလျဉ်းမရှိ၊ သုသာန်, သစ်ပင်ရင်း အမှိုက်ပုံတို့၌ လူအများက သေလွန်ပြီးသော မိဘ၊ ဦးကြီး၊ ဦးလေးတို့ စားသောက်ရန် ရည်စူး၍ ချထားခဲ့သော ဆွမ်း ဘောဇဉ်တို့ကို ကိုယ်တိုင်ယူ၍ စားသောက်သုံးဆောင်နေ၏။ ထိုရဟန်းသည် သုသာန်၌ စိတ်တိုင်းကျစားနေရသဖြင့် ခန္ဓာကိုယ်ဆူဖြိုး၍ အဝတိုးလျက်ရှိသည်။
လူအများက သုသာန်၌ အလိုရှိတိုင်းစားနေရ၍ အလွန်ဝနေသော ရဟန်းကို မြင်ရသောအခါ ဤရဟန်းသည် လူသားစားရ၍သာ ဤသို့ဝခြင်း ဖြစ်မည်ဟုထင်ကာ ကဲ့ရဲ့ ရှုတ်ချကြကုန်၏။
ဤအဖြစ်အပျက်ကို ဘုရားရှင်ကြားသိတော်မူသောအခါ မကြည်ညို သေးသောသူများ ကြည်ညိုလာစေရန် ကျင့်ကြံနေထိုင်ရသောဤသာသနာတော်၌ ရဟန်းတော်များသည် ဆွမ်း, ခဲဖွယ်, ဘောဇဉ် အာဟာရများကို ဆက်ကပ်သူများက ကိုယ်ထိလက်ရောက် မဆက်ကပ်ဘဲ ကိုယ်တိုင်ယူ၍ မဘုဉ်းပေး မသုံးဆောင်ရ၊ ဘုဉ်းပေးသုံးဆောင်လျှင် ပါစိတ်အာပတ် အပြစ်သင့်ရောက်စေဟု ဘုရားရှင်က စည်းကမ်းတော် သတ်မှတ်ခဲ့ခြင်း ဖြစ်ပါသည်။
ထိုပညတ်ချက်စည်းကမ်းမှာ အကြင်ရဟန်းသည် ရေနှင့် ဒန်ပူကို ကြဉ်ထား၍ မပေးမကပ်အပ်သော အစာအာဟာရကို ခံတွင်းဝသို့ဆောင်အံ့ (ဝါ) စားမျိုအံ့။ ထိုရဟန်းသည် ပါစိတ်အာပတ် အပြစ်သင့်ရောက်စေဟု ဖြစ်သည်။
ထို့ကြောင့် ရဟန်းသံဃာတော်များအား ဆွမ်းစသည် ဆက်ကပ် လှူဒါန်းသောအခါ သန့်စင်ကြည်လင်သော သောက်ရေနှင့် ဒန်ပူတို့ကို ကပ်ရန် မလိုပါ။
ဒန်ပူဟူသည် အိန္ဒိယထုံးစံအားဖြင့် သွားဖြင့်ဝါးကာ ဒန်ပူရည် ထွက်လာအောင် ဝါးလေ့ရှိ၏။ ထိုအရည်ထွက်မှ သွားပိုးမစားနိုင်ဘဲ သွားစင်ကြယ်ခိုင်ခန့်သည်ဟု အယူရှိသည်။ တမာသား၊ ဇီးသား စသည်ကို လက်လေးငါးသစ်ခန့် အရှည်ပြုလုပ်ကြသည်။
ထိုသန့်စင်ကြည်လင်သော သောက်ရေသည် ခဲဖွယ် ဘောဇဉ်တွင် မပါဝင်သောကြောင့် လည်းကောင်း၊ ဒန်ပူကား စားသုံးသောပစ္စည်းမျိုး မဟုတ် သောကြောင့်လည်းကောင်း၊ ပင်ကိုယ်ကပင် အပ်စပ်သောပစ္စည်းများ ဖြစ်၍ ကပ်ရန်မလိုခြင်း ဖြစ်ပါသည်။
အထက်ပါ ရေနှင့်ဒန်ပူမှတပါး ကျန်သောဆွမ်း, အသား, ငါးဟင်း မုန့်မျိုးစုံ, သစ်သီးမျိုးစုံ, ဖျော်ရည်မျိုးစုံနှင့် ဆေးပစ္စည်းမျိုးစုံတို့ကိုကား ရဟန်းတော်များအကပ်ခံပြီးမှသာ ဘုဉ်းပေးသုံးဆောင် ကောင်းသောကြောင့် ကပ်ရမည့်ပစ္စည်းများ ဖြစ်ပါသည်။
ရထရေဏုမြူမှုန်ဟူသည်-ရထား၊ ကား၊ လှည်း စသည်တို့ သွားလာခြင်းကြောင့် ထကြွလာသောမြူမှုန်တည်း၊ တံမြက်လှည်း၍ လေတိုက်၍ ထသော မြူမှုန်များလည်း ရထရေဏုမြူမှုန်ပင် ဖြစ်ပါသည်။
သောက်ရေထဲသို့ ထိုရထရေဏုမြူမှုန်ကျလျှင်ကား သောက်ရေသည် မအပ်စပ်တော့ပြီ။ သို့ဖြစ်၍ ရထရေဏုမြူမှုန်ကျသည်ဟု ထင်လျှင် သောက်ရေကိုလည်း အကပ်ခံရပါမည်။ ရေစစ်ဖြင့် စစ်ထားသည့် သောက်ရေကိုမူ အကပ်ခံရန် မလိုချေ။
ထို့ကြောင့် မြတ်စွာဘုရားရှင်က ပရိက္ခရာရှစ်ပါးတွင် ရေစစ်ကို ခွင့်ပြုတော်မူခြင်း ဖြစ်ပါသည်။