ကျော်ထက်အောင် (လက်ပန်) သည် ၂.၃.၁၉၈၇ ခုနှစ်တွင် အဖ ဦးတင်ဟန် အမိ ဒေါ်ထွေးလှတို့မှ မွေးဖွားခဲ့ပြီး၊ အကို နှင့် ညီမ တစ်ယောက်ရှိသည်။ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ လက်ပန်ကျေးရွာ ဇာတိ ဖြစ်သည်။ မိဘများသည် စီးပွားရေးလုပ်ငန်းအဖြစ် လယ်နှင့် ဆန်စက်လုပ်ငန်း လုပ်ကိုင်ကြသည်။ ငယ်စဉ်က မူလတန်းကို ကျေးရွာရှိ အ.မ.က (၄၈) စာသင်ကျောင်း၊ အလယ်တန်းကို အလက(ခွဲ) တိုက်ကြီးကုန်းကျောင်း၌ တက်ရောက်ခဲ့သည်။ ၁၉၉၉ တွင် ရန်ကုန်၊ မြောက်ဥက္ကလာပသို့ ပြောင်းရွှေ့ခဲ့ပြီး အထက်တန်းကို အ.ထ.က(၃) မြောက်ဥက္ကလာပ ကျောင်းတွင် ပညာသင်ကြားခဲ့ကာ ၂၀၀၂ ခုနှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲကို အောင်မြင်ခဲ့သည်။ ၂၀၀၃ ခုနှစ်တွင် ဒဂုံတက္ကသိုလ်တွင် သင်္ချာ ဘာသာရပ်ကို အဝေးသင် တက်ရောက်ခဲ့ပြီး KMD နှင့် လူ့စွမ်းအားအရင်းမြစ်ဖွံ့ဖြိုးရေးဦးစီးဌာနတို့ ပူးတွဲဖွင့်လှစ်သော Diploma in IT သင်တန်း (၁၀)လကို တပြိုင်နက် တက်ရောက်ခဲ့သည်။ ၂၀၀၄ ခုနှစ်တွင် ပုသိမ်မြို့သို့ ပြန်လည်ပြောင်းရွှေ့လာ၍ ဒုတိယနှစ် ကို ပုသိမ်တက္ကသိုလ်တွင် တက်ရောက်ခဲ့ပြီး ၂၀၀၇ ခုနှစ်တွင် သင်္ချာ ဘာသာရပ်ဖြင့် ဘွဲ့ရခဲ့သည်။ ၂၀၀၈ ခုနှစ်တွင် မိဘအလုပ်အကိုင် ဆန်စက်လုပ်ငန်းတွင် ဝင်ရောက်လုပ်ကိုင်ခဲ့ပြီး ၂၀၀၉/၂၀၁၀ ခုနှစ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန၊ လပွတ္တာခရိုင်၊ သုံးမိုင်မြို့သစ်ရှိ ခရိုင်လဝကရုံးတွင် လ/ထ လဝကမှူး အဖြစ် စတင် တာဝန်ထမ်းဆောင်ခဲ့သည်။ ၂၀၁၂ ခုနှစ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ကြားဖြတ်ရွေးကောက်ပွဲ၌ ဝင်ရောက်အရွေးချယ်ခံမည်ကို သိရှိရသဖြင့် ဝန်ထမ်းများ မျက်စိပွင့်လာကြသည်။ ဝန်ထမ်းဘဝ အဂတိလိုက်စားမှုများ၊ ဘဝတိုးတက်ရေး မမြင်သည့်အတွက် ရှေ့ရေးကြည့်ကာ ဝန်ထမ်းဘဝမှ ထွက်ရန် စာတင်ထားချိန် ဖြစ်သည်။ ထို့နောက် မိမိနေထိုင်ရာ ကျေးရွာရှိ အုပ်ချုပ်ရေးမှူး၏ အကျင့်ပျက်ချစားမှုကို ရွာသူ/ရွာသားများ ခံစားနေကြရသဖြင့် အဖြစ်မှန်ပေါ်ပေါက်ရန် ဆောင်ရွက်ခဲ့သည်။ ၂၀၁၂ ခုနှစ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်သို့ ဝင်ရောက်ခဲ့ပြီး၊ ရပ်/ကျေးပါတီညီလာခံကို မိမိနေအိမ်၌ ကျင်းပခဲ့ကာ အုပ်ချုပ်ရေးမှူးလုပ်ရန် အစီအစဉ်ရှိသဖြင့် ပါတီ၏ ရပ်/ကျေးအလုပ်အမှုဆောင် ရွေးချယ်ပွဲတွင် ဝင်ရောက် အရွေးချယ်မခံခဲ့ပါ။ ရပ်/ကျေးပါတီရုံးကို ယခုအချိန်ထိ မိမိနေအိမ်တွင် ဖွင့်လှစ်ထားသည်။ ဝန်ထမ်းဘဝမှ ထွက်၍ ၂၀၁၂ ခုနှစ် (၁၁)လပိုင်းတွင် ရပ်/ကျေး အုပ်ချုပ်ရေးမှူးရွေးချယ်ပွဲ၌ ဝင်ရောက် အရွေးချယ်ခံခဲ့ပြီး ပြိုင်ဘက်မရှိသဖြင့် လက်ပန်အုပ်စု အုပ်ချုပ်ရေးမှူးတာဝန်ကို ထမ်းဆောင်ခဲ့သည်။ ၂၀၁၃ ခုနှစ် ဒေါက်တာစစ်တင်ဦးဆောင်သော အဖြူရောင်နှလုံးသားများ အဖွဲ့ ဖြစ်သည့် ရန်ကုန်မှ ဆရာဝန်များ၏ နှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် အခမဲ့ဆေးကုသခြင်းကို ကျင်းပပြုလုပ်နိုင်ခဲံပြီး၊ လူဦးရေ(၇၀၀) ကျော်ကို ကြည့်ရှု့ ကုသပေးခဲ့ကြသည်။ စာကြည့်တိုက်တစ်ခုကိုလည်း ကိုယ်ထူကိုယ်ထ ဖွင့်လှစ် ဆောင်ရွက်ခဲ့သည်။ ၂၀၁၄ ခုနှစ် ဇန်နဝါရီလတွင် ငပုတောမြို့နယ်၊ တမန်ချောင်းကျေးရွာမှ နမ့်ကျော့ကျော့ဌေးနှင့် အိမ်ထောင်ကျခဲ့သည်။ အဆိုပါနှစ်တွင် ပေ ၁၉၀ ကျော်သော ချောင်းကူးကွန်ကရစ်တံတားကို အများပြည်သူစုပေါင်းလှူဒါန်းမှုနှင့် (၄) လ အတွင်း (၂၀၅) သိန်းကျော်ဖြင့် တည်ဆောက်ပြီးစီးခဲ့ပြီး ယခုအချိန်ထိ ပုသိမ်မြို့သို့ ဖြတ်သန်းသွားလာနိုင်ဆဲ တံတားတစ်စင်း ဖြစ်ပေါ်ခဲ့သည်။ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲကို လက်ပန်အုပ်စုတွင် တည်ငြိမ်အေးချမ်းစွာ ကျင်းပ ဆောင်ရွက်ပေးနိုင်ခဲ့သည်။ ၂၀၁၅ ခုနှစ် ဒီဇင်ဘာ (၂၅)ရက်၊ ခရစ္စမက်နေ့တွင် သမီးလေးတစ်ဦး မွေးဖွားခဲ့သည်။ ၂၀၁၆ ခုနှစ်တွင် ဒုတိယအကြိမ် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ ရွေးချယ်ပွဲတွင် ထပ်မံ ဝင်ရောက် အရွေးချယ်ခံခဲ့ပြီး ပြိုင်ဘက်မရှိသဖြင့် ဒုတိယအကြိမ် အုပ်ချုပ်ရေးမှူး တာဝန်ကို ဆက်လက် ထမ်းဆောင်ခဲ့သည်။ ကျေးရွာအုပ်စုတွင်း လမ်းများ၊ တံတားများကို ကွန်ကရစ်များ တဆင့်မြှင့် ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ၂၀၁၈ ခုနှစ်၌ ကျေးရွာအုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲတွင် ဆက်လက် အရွေးမခံတော့ပဲ အနားယူခဲ့သည်။ အဆိုပါနှစ်တွင် ရန်ကုန်၊ ဗိုလ်တစ်ထောင်ရှိ ကျေးလက်ဧည့်ရိပ်သာတွင် ဖွင့်လှစ်သည့် ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာန၊ Telenor၊ Network Activites Group တို့ပူးပေါင်း၍ Project Cycle Management (PCM Batch-10) ကို တက်ရောက်ခဲ့သည်။ ထို့နောက် ၂၀၁၈ ၊ ဧပြီလတွင် ပုသိမ်မြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ မြို့နယ်အလုပ်အမှုဆောင်အဖွဲ့ လစ်လပ် ရွေးချယ်ပွဲတွင် ဝင်ရောက်အရွေးချယ်ခံခဲ့ပြီး ဒုတိယမဲအများဆုံး ရရှိသဖြင့် မြို့နယ်အလုပ်အမှုဆောင်အဖွဲ့ဝင် တာဝန်ကို စတင်ထမ်းဆောင်ခဲ့သည်။ ထို့နောက် မြို့နယ် သတင်း/ပြန်ကြားကော်မတီတွင် အဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက်ခဲ့သည်။ ၂၀၁၉ ခုနှစ်တွင် Sandhi Governance Institute (SGI)မှ ဖွင့်လှစ်သော နိုင်ငံရေးခေါင်းဆောင်မှုသင်တန်း အပတ်စဉ် (၅)ကို တက်ရောက်ခဲ့သည်။ အခြားသော သင်တန်းတိုလေးများကို တက်ရောက်ခဲ့သည်။ ၂၀၁၉ ခုနှစ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ တိုင်းဒေသကြီး သုတေသနလုပ်ငန်းအဖွဲ့ ဖွဲ့စည်းရာတွင် အဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက်ခဲ့သည်။ ဆက်လက်ပြီး ၂၀၁၉ (၁၁)လပိုင်းတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ တိုင်းဒေသကြီးအလုပ်အမှုဆောင်အဖွဲ့ရုံး၌ ရုံးအဖွဲ့မှူး လစ်လပ်သောကြောင့် ရုံးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် တိုင်းအလုပ်အမှုဆောင်အဖွဲ့မှ တာဝန်ပေး၍ ဆောင်ရွက်ခဲ့ကာ ၂၀၂၀ ပါတီစုံအထွေထွေရွေးကောက်ပွဲကြီးတွင် ကျရာ အခန်းကဏ္ဍမှ ထိရောက်စွာ ဝန်းရံ ဆောင်ရွက်ခဲ့သည်။ ၂၀၂၁ ခုနှစ်တွင် ရုံးလုပ်ငန်းအဖွဲ့ တာဝန်များနှင့် အချိန်ပိုင်း သုတေသန လုပ်ငန်းများကို လုပ်ကိုင်လျက်ရှိသည်။ Kyaw Htet Aung -LattPan