၂ဝ၁၇ ခုနှစ်၊ မတ်လ(၁၅)ရက်နေ့၊ မတူပီမြို့လူထုတွေ့ဆုံဆွေးနွေးပွဲသို့ တင်ပြသော တအောမျိုးနွယ်စုဆိုင်ရာ စာတမ်း


နိဒါန်း

ရှေးဦးစွာ မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သပါတယ်။ ယခုလို မတူပီမြို့ လူထုတွေ့ဆုံဆွေးနွေးပွဲသို့ တက် ရောက်ပြီး တအောမျိုးနွယ်စုဆိုင်ရာစာတမ်းကို ဖတ်ကြားတင်သွင်းခွင့် ရရှိတဲ့အတွက် အထူးဂုဏ်ယူ ဝမ်းမြောက် မိပါတယ်။ CNACC ကော်မတီဝင် လူကြီးများနှင့်တကွ၊ လူထုတွေ့ဆုံဆွေးနွေးပွဲ ဖြစ်မြောက်နိုင်ရန် ကမကထပြု၍ တာဝန်ယူပေးကြတဲ့ မတူပီမြို့ပေါ်မှ သက်ဆိုင်ရာ လူကြီးမိဘများ အားလုံးတို့အပေါ် အထူးကျေးဇူးတင်ရှိကြောင်း ပဏာမ ပြောကြားလိုပါတယ်။ ဘုရားသခင်၏ ကျေးဇူးတော်ကိုလည်း ချီးမွမ်းပါတယ်။ ကျနော့ နာမည်ကတော့ ဦးဗန်တလင်း ဖြစ်ပါတယ်။ ကျနော်က တအောမျိုးနွယ်စု၏ ကိုယ်စား တအောမျိုး နွယ်စုဆိုင်ရာ စာတမ်းကို အပိုင်း( ၅ )ပိုင်းခွဲ၍ ဖတ်ကြားတင်သွင်းသွားမှာ ဖြစ်ပါတယ်။


၁။ သမိုင်းနောက်ခံ

ချင်းပြည်နယ်ရှိ ချင်းလူမျိုးနွယ်စုများ အသီးသီးတို့၏ နောက်ခံသမိုင်းကို လေ့လာသုံးသပ်ကြည့်သော်၊ နှုတ်သမိုင်းသာလျှင်ရှိပြီး၊ ရှေးကျသည့် သမိုင်းမှတ်တမ်းဟူ၍ ထင်ထင်ရှားရှား မရှိခဲ့ကြချေ။ အကယ်၍ သမိုင်း မှတ်တမ်းများကို ပြရမည်ဆိုလျှင် ချင်းလူမျိုးနွယ်စုများ၏ သမိုင်းဟူသည် ယေဘုယျအားဖြင့် နှစ်ပေါင်း(၁ဝဝ) ဝန်းကျင်မျှသာ အသီးသီးရှိကြသေးသည်ကို သိရှိနားလည်နိုင်ပါသည်။ ထိုသို့ဖြစ်ရခြင်းမှာ ချင်းလူမျိုးနွယ်များ၏ သမိုင်းကို နယ်ချဲ့အင်္ဂလိပ်များကသာ အစောဆုံး မှတ်တမ်းတင် ရေးသားခဲ့သောကြောင့်ပင် ဖြစ်သည်။ နယ်ချဲ့အင်္ဂလိပ်တို့သည် ချင်းတောင်ကို ၁၈၉၂-ခုနှစ်တွင် စတင်သိမ်းပိုက်နိုင်ခဲ့ပြီး၊ ၁၈၉၆-ခုနှစ် တွင်မှ ချင်းတောင်များစည်းမျဉ်း(The Chin Hills Regulations)ကို ပြဌာန်း၍ အုပ်ချုပ်ခဲ့သည်။ သို့ရာတွင် ချင်းတောင်တန်း တစ်ခုလုံးအား ကိုလိုနီနယ်အဖြစ် သိမ်းပိုက်ခဲ့ပြီး ဖြစ်ကြောင်းကိုမူ ၁၉၂၈-ခုနှစ် မှသာလျှင် ကြေညာနိုင်ခဲ့ပါသည်။ ထိုသို့ဆိုရာ၌ နယ်ချဲ့အင်္ဂလိပ်တို့သည် ချင်းတောင်ကို ကိုလိုနီနယ်အဖြစ် သိမ်းပိုက်ရာတွင် နောက်ဆုံး သိမ်းပိုက်ခဲ့ သော နယ်မြေမှာ မတူ-တအော ဒေသဖြစ်ပြီး၊ ၁၉၂၇-ခုနှစ်တွင် သိမ်းပိုက်ခဲ့ခြင်းကြောင့် ဖြစ်သည်။ သို့ဖြစ်၍ တအောမျိုးနွယ်စု၏သမိုင်းကို စာတမ်းတစ်စောင်အဖြစ် တင်ပြရမည်ဆိုပါက နယ်ချဲ့အင်္ဂလိပ်တို့၏ သမိုင်းမှတ်တမ်းကိုပင် အခြေခံရ ပေလိမ့်မည်။ သို့သော်လည်း တအောမျိုးနွယ်စု၏ နှုတ်သမိုင်းဟူသည်မှာ သမိုင်း မှတ်တမ်း မတင်မီကပင်လျှင် အမှန်အကန် ရှိခဲ့ကြောင်းကိုမူ ငြင်း၍မရနိုင်ပါ။ အထူးသဖြင့် မျိုးနွယ်စုများ ဆင်းသက် လာရာ လမ်းကြောင်းနှင့် ရိုးးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းတို့သည် ရှေးလူကြီးများ၏ နှုတ်ရာဇဝင်၊ ပါးစပ်ရာဇဝင်များ တွင် သမိုင်းမှတ်တမ်းအဖြစ် ကျန်ရစ်ခဲ့ပေသည်။ တအော မျိုးနွယ်စုဝင်များသည် ချင်းပြည်နယ်အတွင်း မတူပီမြို့နယ်နှင့် ပလက်ဝမြို့နယ်တို့တွင် အခြေချ နေထိုင်လျက်ရှိသည်။ နေရာဒေသအားဖြင့် မတူပီမြို့နယ် အနောက်ပိုင်းဒေသနှင့် ပလက်ဝမြို့နယ် အရှေ့ပိုင်း ဒေသတွင် ပျံ့နှံ့နေထိုင်လျက်ရှိကြသည်။ လက်ရှိနေထိုင်ရာ အရပ်ဒေသ (သို့) တအောဒေသတွင် ရှေးနှစ်ပေါင်း ရာနှင့်ချီ၍ တအောမျိုးနွယ်စုများ အခြေချနေထိုင်ခဲ့ကြောင်းကို ဘိုးဘွားတို့၏ နှုတ်ရာဇဝင်၊ ရိုးရာတေးသီချင်းတို့တွင် အထင်အရှား ရှိခဲ့ပါသည်။ အဆိုပါ နှုတ်သမိုင်းများနှင့် ရိုးရာတေးသီချင်းများကပင်လျှင် တအောဟူသော ဝေါဟာရ စကားလုံး၏ အနက်အဓိပ္ပါယ်ကိုဖေါ်ဆောင်ပေးခဲ့ရာ၊ တအော(Ta-aw)ဟူသည် မြေနိမ့်ချိုင့်ဝှမ်းဒေသဟု ဆိုလိုခြင်း ဖြစ်ပြီး၊ တအောမျိုးနွယ်စုဟု ဆိုရာတွင်လည်း မြေနိမ့်ချိုင့်ဝှမ်း အရပ်ဒေသရှိ အစဉ်အလာအားဖြင့် အဆက်ဆက် ထိန်းသိမ်းလာခဲ့သည့် ဘာသာစကား၊ ရိုးရာယဉ်ကျေးမှုဓလေ့ထုံးတမ်း စသည်တို့တွင် တူညီသော မျိုးနွယ်စုများကို ခြုံငုံ၍ ခေါ်ဆိုခြင်းဖြစ်သည်။ ထို့ပြင် လက်ရှိ တအောမျိုးနွယ်စုများနေထိုင်ရာ အရပ်ဒေသတွင် ဘိုးဘွားတို့၏ အိမ်ခြေရာခြေများ တည် ထားရာ နေရာများ၊ သင်္ချိုင်းမြေများ၊ ပွဲလုပ်ရာတွင်အသုံးပြုခဲ့သော ကျောက်စုကျောက်ပုံများ၊ အဆက်ဆက် စိုက်ပျိုးခဲ့ သည့် နှစ်ရှည်ပင်များက ယနေ့ထိတိုင် သမိုင်းမှတ်တိုင်များအဖြစ် ကျန်ရစ်ခဲ့ပါသေးသည်။


၂။ ဆင်းသက်လာရာ လမ်းကြောင်း

တအောမျိုးနွယ်စုများ လက်ရှိနေထိုင်ရာအရပ်ဒေသတွင် ရောက်ရှိလာပုံနှင့် ပတ်သက်၍ ဘိုးဘွားများ၏ အဆိုအရ၊ အရှေ့ဘက်အရပ်မှ ဆင်းသက်လာရာ လမ်းကြောင်းနှင့် တောင်ဘက်အရပ်မှ ဆန်တက်လာရာ လမ်း ကြောင်းဟူ၍ ဆင်းသက်လာရာလမ်းကြောင်း (နှစ်)ခု ရှိခဲ့ပါသည်။ ဆင်းသက်လာရာ လမ်းကြောင်းတွင် ခူမီး၊ အနူး၊ ခေါင်စို၊ မတူတို့နှင့် နီးစပ်မှု ရှိပေသည်။ ပထမ လမ်းကြောင်းမှာ မတူပီမြို့နယ် အရှေ့ဘက်မှ ဆင်းသက်လာခဲ့သည်ဟု ဆိုကြ၏။ ယင်းအဆိုအရ တအောမျိုးနွယ်စုသည် ထီးလင်းနယ်မှ ပုံတောင်ပုံညာကို ဖြတ်ကျော်၍ ရောင်းပြားနယ်မှတစ်ဆင့် ဇိုးတုန်နယ်၊ တိန်ဆီးအရပ်ကို ရောက်ရှိခဲ့သည်ဟု အဆိုရှိသည်။ တိန်ဆီးမှတစ်ဆင့် အုပ်စု(နှစ်)စု ကွဲခဲ့ရာ၊ တစ်စုမှာ တိန်ဆီး အရပ်မှ လေးမြို့မြစ်အတိုင်း စုန်ဆင်း၍ ရခိုင်ပြည်နယ်အထိ ရောက်ခဲ့သည်ဆို၏။ ကျန်သော အုပ်စု(တစ်)စုမှာ တိန်ဆီးအရပ်မှ အနောက်ဘက်သို့ ဦးတည်၍ မြစ်ချောင်းများအတိုင်း စုန်ဆင်းခဲ့ကြသည်ဟု အဆိုရှိသည်။ ပထမ အဆိုသည် ဖြစ်နိုင်ခြေအများဆုံး လမ်းကြောင်းတစ်ခု ဖြစ်သည်ဟု ဆိုနိုင်ပါသည်။ ထိုသို့ဆိုရာ၌ ထီးလင်းဒေသရှိ တောင်သားသမိုင်းကို လေ့လာကြည့်သော်၊ ယနေ့ တအောမျိုးနွယ်စုများ ပြောဆိုနေလျက်ရှိသော ဝေါဟာရစကားလုံးများသည် တောင်သားလူမျိုးများ ပြောဆိုနေသော စကားလုံးများနှင့် နီးစပ်မှုများစွာ ရှိသည်ကို တွေ့ရှိရပါသည်။ ထို့ပြင် တောင်သားလူမျိုးများ၏ ဝတ်စားဆင်ယင်မှု လက်ဝတ်ပစ္စည်းများမှာလည်း တအောမျိုးနွယ် များ၏ ရိုးရာဝတ်စားဆင်ယင်မှု အသုံးအဆောင်ပစ္စည်းများနှင့် ဆင်တူမှုများ ရှိသည်ကို တွေ့နိုင်ပါသည်။ ယင်း အချက်များကို ထောက်ရှု၍ တစ်ချိန်က တောင်သားလူမျိုးများနှင့် တအောမျိုးနွယ်စုတို့သည် ထီးလင်းအရပ်ဒေသတွင် အတူတကွ နေထိုင်ခဲ့ဖူးလိမ့်မည်ဟု ယူဆရပါသည်။

ထို့အတူပင် ရောင်းပြားနယ်မှတစ်ဆင့် ဇိုးတုန်နယ် တိန်ဆီးအရပ်တွင် ရောက်ခဲ့သည်ဟု ဆိုရာ၌လည်း မင်းတပ်မြို့နယ်၊ တိုက်နယ်အမှတ်(၁၄)၊ ရောင်းပြား၊ ရောင်လောင်း၊ ဝေလောင်း အရပ်ဒေသတွင် နေထိုင်လျက် ရှိသော ရောင်တူး(Rongtu) မျိုးနွယ်နှင့် တအောမျိုးနွယ်တို့မှာ ဘာသာစကားအရသော်၎င်း၊ ရိုးရာဝတ်စားဆင်ယင်မှု အသုံးအဆောင်ပစ္စည်းများ အရသော်၎င်း၊ ဆင်တူနီးစပ်မှုများ ရှိလေသည်။ ထိုမှတစ်ဆင့် တိန်ဆီးအရပ်တွင် အခြေချ နေထိုင်ခဲ့ကြောင်း၊ တိန်ဆီးအရပ်တွင် နေထိုင်ကြစဉ် နွားနောက်သတ်ပွဲကို ပထမဦးဆုံး ဆင်နွဲလျက်ရှိကြောင်း၊ ရှေးလူကြီးများက ဆိုခဲ့ကြသည်။ ထိုစဉ်က နွားနောက်သတ်ပွဲတွင် ကခုန်သီဆိုလျက်ရှိသော ရိုးရာတေးသီချင်းကို ယနေ့ထိတိုင် တအောမျိုးနွယ်ဝင်များက သီဆိုလေ့ ရှိကြပါသေးသည်။

ဒုတိယ အဆိုအရ တောင်ဘက်အရပ်မှ ဆန်တက်လာသည် ဟုဆိုသော်၊ လက်ရှိ တအောမျိုးနွယ်စုများ နေထိုင်ရာ အရပ်ဒေသတွင် ဒုတိယအသုတ် ဆင်းသက်လာရာလမ်းကြောင်း ဖြစ်နိုင်သည်။ ဤ ဒုတိယ အုပ်စုသည် အခြားမဟုတ်ဘဲ၊ တိန်ဆီးမှတစ်ဆင့် အုပ်စု(နှစ်)စု ကွဲခဲ့ရာမှ လေးမြို့မြစ်အတိုင်း စုန်ဆင်း၍ ရခိုင်ပြည်နယ်အထိ၊ ရောက်ခဲ့သည်ဟု ဆိုကြသော တအောမျိုးနွယ်စု တစ်စုပင် ဖြစ်မည်။ ဘိုးဘွားများ၏ အဆိုအရ ယင်းအုပ်စုသည် ရခိုင်ပြည်၊ မြောက်ဦးနယ်တွင် နှစ်ပေါင်းများစွာ အခြေချ နေထိုင်ခဲ့သည်ဟု ဆို၏။ ရခိုင်ပြည် ဝေသာလီခေတ် ကုန်ဆုံး၍ ရခိုင်ဘုရင်က မြောက်ဦးမြို့ကိုတည်ခဲ့ရာ၊ မြောက်ဦးနန်းတော် တည်ဆောက်ရာ၌ အခွန်အတုတ်နှင့် အခိုင်းအစေကို မခံနိုင်သဖြင့် တအောမျိုးနွယ်စု ညီအစ်ကိုများ ထွက်ပြေးကြကုန်၏ဟု ဆိုသည်။ ရခိုင်သမိုင်း၌ ရခိုင်ဝေသာလီမြို့သည် ရက္ခိုက်ဘီလူးရန်ကြောင့် ပျက်စီးခဲ့ရသည်ဟု ဆိုထားခဲ့ရာ၊ အဆိုပါ ဘီလူးရန်ကြောင့်လည်း မြောက်ဦးနယ်မှ ထွက်ပြေးကြဟန် ရှိပါသည်။ မည်သို့ဆိုစေ တောင်ပိုင်းမှ ဆန်တက်လာသောအုပ်စုသည် ထီးလင်း နယ်မှ ပုံတောင်ပုံညာကို ဖြတ်ကျော်၍ ရောင်းပြားနယ်မှတစ်ဆင့် ဇိုးတုန်နယ်၊ တိန်ဆီးအရပ်ကို ရောက်ခဲ့ပြီးမှ တိန်ဆီးအရပ်တွင် အုပ်စုကွဲသော တအောမျိုးနွယ်စု တစ်စုသာလျှင် ဖြစ်မည်ဟု ယူဆရပါသည်။


၃။ ဘာသာစကား၊ စာပေနှင့် ယဉ်ကျေးမှု

တအောဘာသာစကား ဟုဆိုသော် ရေမြေဒေသအလိုက် ဒေသန္တရစကား အသီးသီးရှိပါသည်။ ဘုံစကား အဖြစ် တစ်ခုတည်းကို လက်ညှိုးထိုး၍မရနိုင်ပါ။ ထိုသို့ဆိုရာ၌ တအော(Ta-aw)သည် သမိုင်းအထောက်အထား အရ လူမျိုးစု/မျိုးနွယ်စု(Tribe)တစ်ခုဖြစ်ရာ၊ တအောအောက်တွင် မျိုးတူစု(Clan)ဟူ၍ အုပ်စု(၃)ခုမက ရှိပါသည်။ ယင်း မျိုးတူစု အောက်၌လည်း ဆွေမျိုးတူစု/ဖသားစု(Family)များစွာရှိ၏။ မျိုးတူစု(Clan) အဆင့်တွင် ဒေသန္တရ ဘာသာ စကား အသီးသီးကွဲပြားသည်။ သို့သော် သာသာပြန်ရန် မလိုအပ်ဘဲ၊ အချင်းချင်းနားလည်နိုင်သည်။ ဘာသာစကား တစ်ခုကဲ့သို့ အချင်းချင်းဖလှယ်၍ ဆက်သွယ်ပြောဆိုနိုင်ပါသည်။

တအော ဘာသာစကားအဖြစ် စံပြဘာသာစကား(Standard Dialect)တစ်ခုကို သတ်မှတ်နိုင်ခြင်း မရှိသေး သော်လည်း တအောစာပေကိုမူ ဖေါ်ထုတ်သတ်မှတ် နိုင်ခဲ့ပေသည်။ တအောစာပေသည် ရောမအက္ခရာကို အခြေခံ၍ တက်ကျသံစနစ်(Tone System)ဖြင့် ၁၉၉၉-ခုနှစ်ကပင် ပြုစုခဲ့ပြီးဖြစ်၏။ ယခုအခါ ခရစ်ယာန် ဓမ္မသစ်ကျမ်းကိုပင် တအောစာပေဖြင့် ဘာသာပြန်ဆို နေလျက်ရှိသည်။ တအော ရိုးရာယဉ်ကျေးမှုနှင့် ပတ်သက်၍ မိမိတို့၏ကိုယ်ပိုင် အဆို၊ အက၊ အတီး၊ အဝတ် စသည်တို့အပြင် ပွဲလမ်းသဘင်ကျင်းပခြင်း၊ ထိမ်းမြားမင်္ဂလာဆောင်နှင်းခြင်း၊ ဆွေမျိုးညီအစ်ကိုဖွဲ့ခြင်း၊ အမွေစားအမွေခံ ပေးခြင်းနှင့် တရားစီရင်ထုံးဓလေ့ဟူ၍ သီးသန့်ရှိပေသည်။ တအောရိုးရာတေးသီချင်း (Cawkleng)သည် အခြားမည်သည့် လူမျိုး နွယ်စုများ၏ တေးသီချင်းနှင့်မျှ မတူဘဲ၊ တမူထူးခြားသည့်သံစဉ်ဖြင့် ဖွဲ့ဆိုထားသည့် တအောမျိုးနွယ်စု၏ ကိုယ်ပိုင် ရိုးရာတေးသီချင်းပင် ဖြစ်သည်။ အကအခုန်နှင့် အတီးအမှုတ် တို့တွင်လည်း တအောမျိုးနွယ်စု၏ ကိုယ်ပိုင် ဝိသေသ လက္ခဏာကို ဆောင်၏။

မတူပီမြို့နယ်တွင်မူကား မတူပီမြို့၏ နှစ်(၅ဝ)ပြည့် ရွှေရတုသဘင် အခမ်းအနား(၁၉၄၉-၁၉၉၉) တွင်၎င်း၊ မတူပီမြို့ တိုက်ချွန်း အားကစားကွင်းတွင် မြို့နယ်အဆင့် ကျင်းပပြုလုပ်ခဲ့သော (၆၆)ကြိမ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနား(၂ဝ/ ၂/ ၂ဝ၁၄)တွင်၎င်း၊ တအောမျိုးနွယ်စု၏ ရိုးရာအကဖြင့် တင်ဆက်ဖျော်ဖြေခဲ့သည့် အထောက် အထားများ ရှိခဲ့ပါသည်။ အခြားဘာသာရေး ပွဲလမ်းသဘင်များနှင့် နေ့ထူးနေ့မြတ်တို့တွင်လည်း တအောမျိုးနွယ်စု အနေဖြင့် မိမိတို့၏ ရိုးရာတေးဂီတနှင့် အကအခုန်များဖြင့် တင်ဆက်ဖျော်ဖြေမှုများ ရှိခဲ့ပါသည်။ အဆိုပါ ဘာသာစကား၊ စာပေနှင့် ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းတို့သည် လူမျိုးနွယ်စုတစ်ခု၏ အမွေ အနှစ်များ ဖြစ်သည်နှင့်အညီ၊ မျိုးနွယ်စုတစ်ခုဖြစ်ကြောင်းကို ထင်ရှားစေသည့် ဝိသေသလက္ခဏာများပင် ဖြစ်သည်။


၎။ အုပ်ချုပ်ရေး အပြောင်းအလဲနှင့် တအောမျိုးနွယ်စု

နယ်ချဲ့အင်္ဂလိပ်တို့သည် ၁၈၅၂- ၁၈၅၈ ခုနှစ်တွင် အောက်မြန်မာပြည်၊ ရခိုင်ကမ်းမြောင်ဒေသကို သိမ်းပိုက် ခဲ့ပြီး၊ ၁၉၂၈ ခုနှစ်တွင် တောင်တန်းဒေသအားလုံးကို ကိုလိုနီနယ်မြေအဖြစ် သိမ်းပိုက်ခဲ့သည်။ ၁၉၄၆ ခုနှစ် မတိုင်မီ၊ အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ မြန်မာနိုင်ငံအားလုံးတို့ကို ပေါင်းစည်း၍ အရှေ့အိန္ဒိယကုမ္ပဏီ (သို့) အိန္ဒိယ တိုက်ငယ်ဟု ခေါ်ကာ၊ နိုင်ငံတစ်ခုအဖြစ် သိမ်းသွင်းအုပ်ချုပ်ခဲ့သည်။ ထိုအချိန်၌ တစ်နိုင်ငံနှင့် တစ်နိုင်ငံအကြား နယ်နိမိတ်(Boundary) ခွဲခြားမထားပါ။ နယ်ချဲ့အင်္ဂလိပ်တို့သည် ၁၈၈၉ ခုနှစ်မှစ၍ ပြည်မနှင့် တောင်တန်းဒေသကို သီးသန့်အုပ်ချုပ်ရေးနယ်မြေအဖြစ် ဖွဲ့စည်းအုပ်ချုပ်ခဲ့သည်။ ထိုသို့သတ်မှတ်ရာတွင် မြောက်ပိုင်း တောင်တန်းဒေသကို မုံရွာခရိုင်အုပ်ချုပ်ရေးနယ်မြေအဖြစ်၎င်း၊ တောင်ပိုင်းတောင်တန်းဒေသကို မကွေးခရိုင်အုပ်ချုပ်ရေးနယ်မြေ အဖြစ်၎င်း၊ ရခိုင်မြောက်ပိုင်း တောင်တန်းဒေသကို စစ်တွေခရိုင် အုပ်ချုပ်ရေးနယ်မြေအဖြစ်၎င်း သတ်မှတ်၍ အုပ်ချုပ်ခဲ့သည်။ ထိုစဉ်က ပလက်ဝဒေသသည် ရခိုင်မြောက်ပိုင်းတောင်တန်းဒေသ၊ စစ်တွေခရိုင်အုပ်ချုပ်ရေးနယ်မြေထဲတွင် ပါဝင် ခဲ့သည်။ ၁၈၆၅-ခုနှစ်တွင် စစ်တွေခရိုင်မှခွဲထုတ်၍ ရခိုင်တောင်တန်းစီရင်စုဟု အမည်ပေးပြီး၊ စစ်တွေမြို့မှ(၆၈)မိုင် ကွာဝေးသော မျောက်တောင်ရွာ၌ ခရိုင်အုပ်ချုပ်ရေးမှူးရုံး စိုက်ခဲ့သည်။ ထိုမှတစ်ဆင့် ၁၈၇၆-ခုနှစ်တွင် ခရိုင် အုပ်ချုပ်ရေးမှူးရုံးကို ပလက်ဝမြို့သို့ ပြောင်းရွှေ့ခဲ့ရာ၊ ပလက်ဝမြို့သည် ခရိုင်ဝန်ရုံးစိုက်ရာမြို့ ဖြစ်လာသည်။ ၁၉၅၃ ခုနှစ် ရောက်မှသာ ပလက်ဝမြို့နယ် တစ်ခုလုံးကို ချင်းပြည်နယ်ထဲသို့ ထည့်သွင်းခဲ့ခြင်း ဖြစ်သည်။

သို့သော် မုံရွာခရိုင်အုပ်ချုပ်ရေးနယ်မြေ၊ မကွေးခရိုင်အုပ်ချုပ်ရေးနယ်မြေနှင့် စစ်တွေခရိုင်အုပ်ချုပ်ရေး နယ်မြေ အကြားတွင် သိမ်းပိုက်ရန်နယ်မြေ အလွတ်တစ်ခု ကျန်ရှိနေသေးသဖြင့် နယ်ချဲ့အင်္ဂလိပ်တို့သည် ယင်း ဒေသကို သိမ်းပိုက်နိုင်ရန် အကြိမ်ကြိမ် ကြိုးစားခဲ့ကြသည်။ ၁၈၈၅ ခုနှစ်မှစတင်၍ စစ်တွေခရိုင်အုပ်ချုပ်ရေးနယ်မြေ၊ မြောက်ဦးနယ်ဘက်မှ လေးမြို့မြစ်အတိုင်း ဆန်တက်လာခဲ့၍ မရူချောင်းဝတွင် ယာယီစခန်းချပြီး၊ လေးမြို့မြစ် အထက်ပိုင်း ဒေသအချို့ကို သိမ်းပိုက်ခဲ့သည်။ ၁၈၈၉-ခုနှစ်တွင် မရူချောင်းဝမှ ယာယီအုပ်ချုပ်ရေးရုံးကို ပင်းချောင်းဝ သို့ ပြောင်းရွှေ့ကာ၊ ယခင်က မရူချောင်းဝ(Maru Camp)ကို ဗဟိုပြု၍ သိမ်းပိုက်ထားခဲ့သော နယ်မြေများကို စုစည်း ခဲ့ပြီး၊ ရခိုင်မြောက်ပိုင်းခရိုင် အုပ်ချုပ်ရေးနယ်မြေ(Northern Arakan Hill Tract, Pengchaung Population) ဟု သတ်မှတ်၍ နယ်မြေသစ်တစ်ခုအဖြစ် သတ်မှတ်ဖွဲ့စည်း ခဲ့ပါသည်။ အဆိုပါ ရခိုင်မြောက်ပိုင်းခရိုင်(နယ်မြေသစ်) ကို အုပ်ချုပ်ရေးနယ်မြေ(၃)ခုသတ်မှတ်ပြီး၊ အုပ်ချုပ်ရေးမှူး(Chief) သုံးဦးကို လည်း အောက်ပါအတိုင်း ခန့်အပ်ခဲ့သည်။


၁။ အနောက်ပိုင်းအုပ်ချုပ်ရေးနယ်မြေ (ပင်းချောင်းမှ အနောက်ဘက် ဒေသအချို့ပါဝင်သည်)

အုပ်ချုပ်ရေးမှူး။ ။ ဦးလောက်လန်း

၂။ အရှေ့တောင်ပိုင်းအုပ်ချုပ်ရေးနယ်မြေ(မြောက်ဦးနယ်မှ အရှေ့ဘက် ထိုးနူး၊ ခမ်းတောအထိ ပါဝင်သည်)

အုပ်ချုပ်ရေးမှူး။ ။ ဦးလှိမ်ဘွေး

၃။ အလယ်ပိုင်းအုပ်ချုပ်ရေးနယ်မြေ (ပင်းချောင်းဝနှင့် လေးမြို့မြစ်အကြား ဒေသအားလုံးပါဝင်သည်)

အုပ်ချုပ်ရေးမှူး။ ။ ဦးထန်ကျင်း


ရခိုင်မြောက်ပိုင်းခရိုင် အုပ်ချုပ်ရေးနယ်မြေ (Northern Arakan Hill Tract, Pengchaung Population) ကို အုပ်ချုပ်ရေးမလွှမ်းမိုးသောနယ်မြေ(Un-administered Tracts) အဖြစ် သတ်မှတ်ခဲ့ကြောင်း G.E.R. Grant Brown, I.C S. ၏ Burma Gazetteer စာအုပ်ပါ မြေပုံအရ သိရှိနိုင်ပါသည်။

၁၈၉ဝ-ခုနှစ်၌ မြောက်ပိုင်းတောင်တန်းဒေသ အုပ်ချုပ်ရေးဗဟိုဌါနရုံးကို ဟားခါးတွင်၎င်း၊ ၁၈၉၁-ခုနှစ် ၌ တောင်ပိုင်းတောင်တန်းဒေသ အုပ်ချုပ်ရေးဗဟိုဌါနရုံးကို ကန်ပက်လက်တွင်၎င်း၊ စတင်ဖွင့်လှစ်ခဲ့သည်။ အဆိုပါ တောင်ပိုင်းတောင်တန်းဒေသ ကန်ပက်လက်ခရိုင်အုပ်ချုပ်ရေးနယ်မြေထဲတွင် ယခင်က ရခိုင်မြောက်ပိုင်းခရိုင် အုပ်ချုပ်ရေးနယ်မြေ(Northern Arakan Hill Tract, Pengchaung Population)ဟူ၍ အုပ်ချုပ်ရေးနယ်မြေသစ် အဖြစ် သတ်မှတ်ခဲ့သော လေးမြို့ချောင်းအရှေ့ဘက်ဒေသအားလုံး၊ ပင်းချောင်းမှလေးမြို့ချောင်းအကြား ဒေသ အားလုံး၊ ပင်းချောင်းမှ အနောက်ဘက်ဒေသအားလုံး ပါဝင်သည်။

တစ်ဖန် ၁၈၉၂-ခုနှစ်တွင် ပခုက္ကူအခြေစိုက် နယ်ချဲ့အင်္ဂလိပ်စစ်ကြောင်းသည် အဆိုပါ လွတ်လပ်နယ်မြေကို သိမ်းပိုက်နိုင်ရန် ကန်ပက်လက်အုပ်ချုပ်ရေးဌါနရုံးကို ဗဟိုပြုလျက် ချီတက်လာခဲ့ပြန်သည်။ သို့သော် လမ်းပန်းသွယ် ရေးအခက်အခဲကြောင့် မအောင်မြင်ခဲ့ချေ။ ထိုအခါ မကွေးခရိုင်ဝန်သည် အဆိုပါ လွတ်လပ်နယ်မြေ(မတူ၊ တအော) ကို သိမ်းပိုက်နိုင်ရေးအတွက် ရခိုင်မြောက်ပိုင်းခရိုင်ဝန်အား တာဝန် လွှဲပြောင်းပေးခဲ့သည်။

၁၈၉၈-ခုနှစ်ရောက်သော်၊ ရခိုင်မြောက်ပိုင်းခရိုင်ဝန်သည် အထက်ဖေါ်ပြပါ လွတ်လပ်နယ်မြေ သိမ်းပိုက်ရေး ခရီးစဉ်ကို စတင်ခဲ့ပြန်သည်။ သို့သော်လည်း နယ်မြေအားလုံးကို မသိမ်းပိုက်နိုင်ခဲ့ပါ။ ၁၉၂ဝ ခုနှစ်၊ မေမြို့၌ ကျင်းပ ပြုလုပ်သော ကိုလိုနီအုပ်ချုပ်ရေးမှူးများ၏ ညီလာခံတွင် ရခိုင်မြောက်ပိုင်းခရိုင်ဝန်က အဆိုပါ လွတ်လပ်နယ်မြေကို စစ်တွေခရိုင်အုပ်ချုပ်ရေးနယ်မြေမှ သိမ်းပိုက်နိုင်ရန် အခက်အခဲရှိကြောင်း တင်ပြပြီး၊ မြောက်ပိုင်း တောင်တန်းဒေသ ဟားခါးခရိုင်ဝန်အား တာဝန်လွှဲပြောင်းပေးခဲ့ပြန်သည်။ ထိုသို့ဖြင့် ၁၉၄၂-ခုနှစ်၊ ဧပြီလ(၂၈)ရက်နေ့တွင် မြန်မာနိုင်ငံသို့ ဂျပန်စစ်ဝင်လာသောအခါ အင်္ဂလိပ်ကိုလိုနီ အုပ်ချုပ်ရေး နိဂုံးချုပ်ခဲ့လေသည်။ ထိုအခါ ယခင်က ရခိုင်မြောက်ပိုင်းတောင်တန်းဒေသ၊ စစ်တွေခရိုင် အုပ်ချုပ်ရေး နယ်မြေ ရခိုင်မြောက်ပိုင်းခရိုင်(Northern Arakan Hill Tract, Pengchaung Population) အုပ်ချုပ်ရေးနယ်မြေသစ် မှ အလယ်ပိုင်း အုပ်ချုပ်ရေးနယ်မြေ၊ ပင်းချောင်းမှ လေးမြို့ချောင်းအကြား(မတူ၊ တအော)ဒေသ အားလုံးတို့ကို မြောက်ပိုင်းတောင်တန်းဒေသ၊ ဟားခါးခရိုင် အုပ်ချုပ်ရေးနယ်မြေအဖြစ် ယာယီသတ်မှတ်ခဲ့ရာ၊ ဟားခါး အုပ်ချုပ်ရေး ဌါန၊ ဟားခါးခရိုင်ဝန်က ပူးတွဲအုပ်ချုပ်ခဲ့သည်။ ထိုအချိန်မှစ၍ အလယ်ပိုင်းအုပ်ချုပ်ရေးနယ်မြေ(မတူ၊ တအောဒေသ) သည် ဟားခါးအုပ်ချုပ်ရေးနယ်မြေ(Haka Subdivision) ထဲတွင် ပါဝင်ခဲ့ရခြင်း ဖြစ်သည်။


(က) နယ်ချဲ့ကိုလိုနီခေတ် (၁၉၂၇- ၁၉၄၈)

ခူမီးမျိုးနွယ်စုဝင်သမိုင်း စာအုပ်တွင် ၁၈၂၆-ခုနှစ်၊ ပထမအကြိမ် အင်္ဂလိပ်-မြန်မာစစ်ပွဲအပြီး၊ ချုပ်ဆိုခဲ့သော ရန္တပိုစာချုပ်အရ ပလက်ဝမြို့နယ်သည် နယ်ချဲ့အင်္ဂလိပ်လက်အောက်သို့ ကျရောက်ခဲ့ရသည်ဟု ဖေါ်ပြထားပါသည်။ ထိုစဉ်က ပလက်ဝမြို့နယ်ကို စစ်တွေခရိုင်အုပ်ချုပ်ရေးနယ်၏ တစ်စိတ်တစ်ဒေသအဖြစ် ထားရှိကာ၊ တိုက်သူကြီး ပိုင်နယ်(၁၈)ခုအထိ၊ သတ်မှတ်၍ အုပ်ချုပ်ခဲ့သည်။ ပလက်ဝမြို့နယ်၊ တိုက်နယ်အမှတ်(၇)၊ ပိုင်ချောင်းတိုက်နယ်၏ တိုက်နယ်ဥက္ကဌမှာ ဦးတွီဟုန်း(၁၉၅၄-၆၂) ဖြစ်သည်။

မတူပီမြို့နယ် သမိုင်းကိုလေ့လာသော်၊ နယ်ချဲ့အင်္ဂလိပ်တို့သည် မတူပီ(ရွာမ)ကို ၁၉၂၇-ခုနှစ်တွင် စတင် သိမ်းပိုက်ခဲ့ပြီး၊ မတူပီဒေသကို တိုက်သူကြီးပိုင်နယ်(၁၁)ခုအထိ၊ သတ်မှတ်၍ အုပ်ချုပ်ခဲ့သည်။ ထိုစဉ်က မတူပီ နယ်သည် ပခုက္ကူခရိုင်အုပ်ချုပ်ရေးနယ်မြေအတွင်းရှိ၊ ကန်ပက်လက်နယ်၏ တစ်စိတ်တစ်ဒေသအဖြစ် ရှိနေခဲ့ သည်ဟု သိရှိရပါသည်။ အထက်ပါ မြို့နယ်နှစ်ခုကို ဆက်စပ်ပြီး၊ တအောမျိုးနွယ်စုများ အခြေချနေထိုင်ရာ နေရာ ဒေသကို ပထဝီအနေအထားအရ သုံးသပ်ကြည့်သော်၊ ၁၉၆ဝ-ခုနှစ် G.E.R Grant Brown, I.C.S ၏ “Burma Gazetteer” စာအုပ်ပါ၊ မြေပုံအညွှန်းထဲမှ “SKETCH MAP OF NORTHERN ARAKAN” အရ၊ အုပ်ချုပ်မှု မလွှမ်းမိုးခဲ့ သောဒေသ( Unadministered Tracts )ထဲတွင် ပါဝင်ခဲ့သည်ကို တွေ့ရှိနိုင်ပါသည်။

သို့သော် နယ်ချဲ့အင်္ဂလိပ်တို့သည် မတူပီနယ်ကိုသိမ်းပိုက်ခဲ့သည့် ၁၉၂၇-ခုနှစ် ကတည်းက မတူပီနယ်၌ တိုက်သူကြီးနယ်မြေများ သတ်မှတ်ရာတွင် တအောတိုက်နယ်(Ta-Ua Circle)သည် တစ်ခုအပါအဝင် ဖြစ်ပါသည်။ ပထမဦးဆုံး တိုက်အုပ်မှာ ဦးဘွေအော(၁၉၃၃-၄၉) ဖြစ်၏။ နယ်ချဲ့အင်္ဂလိပ်တို့၏ “Headman Register” မှတ်တမ်း တွင်လည်း တိုက်နယ်အမည်၊ လူပုဂ္ဂိုလ်အမည်နှင့်တကွ မျိုးနွယ်စုအမည်အား ယှဉ်တွဲဖေါ်ပြထားသည်ကို တွေ့ရှိရ ပါသည်။


(ခ) ပါလီမန် ဒီမိုကရေစီခေတ် (၁၉၄၈- ၁၉၆၂)

မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိပြီးနောက် ပါလီမန်ဒီမိုကရေစီခေတ်တွင် ၁၉၄၇ ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ၊ အုပ်ချုပ်ရေးနယ်မြေများကို ပြင်ဆင်သတ်မှတ်ရာတွင်လည်း ယခင်က နယ်ချဲ့အင်္ဂလိပ်အစိုးရ၏ အုပ်ချုပ် ရေးနယ်မြေအတိုင်း ဆက်လက်ထားရှိခဲ့ရာ၊ တအောတိုက်နယ်သည် ဆက်လက်တည်ရှိနေလျက် ရှိကြောင်းကို တအောတိုက်နယ်မှ တိုက်နယ်ဥက္ကဌများနှင့် ရွာသူကြီးခန့်စာများအရ သိရှိနိုင်ပါသည်။ တအောတိုက်နယ်၏ နောက် ဆုံး တိုက်အုပ်မှာ ဦးတလုံလိုင်း(၁၉၄၉- ၆၆) ဖြစ်သည်။


(ဂ) တော်လှန်ရေးကောင်စီခေတ် (၁၉၆၂- ၁၉၈၈)

၁၉၆၂-ခုနှစ်မှစ၍ ဦးနေဝင်း၏ အိမ်စောင့်အစိုးရတက်လာရာ တော်လှန်ရေးကောင်စီ ပေါ်ပေါက်လာပြီး၊ ပါလီမန်ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်ကို ဖျက်သိမ်းကာ၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ၏ မဆလ- အုပ်ချုပ်ရေးစနစ် ကို ကျင့်သုံးခဲ့သည်။ ထိုအခါမှစ၍ တိုက်နယ်များကိုဖြုတ်ပြီး ကျေးရွာအုပ်စုများဖြင့်အစားထိုးခဲ့ရာ၊ တိုက်နယ်အမည် များ စတင်ပျောက်ကွယ်ခဲ့ရလေသည်။ သို့သော် မျိုးနွယ်စုအမည်များကိုမူ မဖျက်သိမ်းခဲ့ပါ။ ထို့ကြောင့် တအော တိုက်နယ် ဟူသောအမည် ပျောက်ဆုံးခဲ့သည့်တိုင် တအောမျိုးနွယ်စုအမည်မှာ တည်ရှိနေဆဲဖြစ်သည်။


(ဃ) စစ်အစိုးရ(နအဖ)ခေတ် (၁၉၈၈-၂ဝ၁၀)

'မြန်မာနိုင်ငံသည် ၁၉၈၈-ခုနှစ်၌ လူထုအုံကြွမှုကြီး(၈၈-အရေးအခင်း)ဖြစ်ပေါ်ခဲ့ရာ၊ နိုင်ငံတော်အာဏာကို ၁၉၈၈-ခုနှစ်၊ စက်တင်ဘာလ(၁၈)ရက်နေ့တွင် တပ်မတော်မှသိမ်းယူခဲ့သည်။ ထိုအချိန်က တိုင်းသူပြည်သားများ သည် တပ်မတော်၏ တစ်မိန့်၊ တစ်သံအောက်မှာ ပြားပြားဝပ်လျက် နေကြရသည်။ တိုင်းရင်းသား လူမျိုးနွယ်စုများ အရေးမှာလည်း ဆိတ်သုန်းလာတော့သည်။ သို့သော် ၂ဝဝဝ ပြည့်နှစ်၊ ဖေဖေါ်ဝါရီလ(၂ဝ)ရက်နေ့ (၅၂)နှစ်မြောက် ချင်းအမျိုးသားနေ့၌ ချင်းလူမျိုးများ၏ မူလဇစ်မြစ်၊ သမိုင်းဖြစ်စဉ်၊ ယဉ်ကျေးမှု၊ ဖွံ့ဖြိုးတိုးတက်မှုနှင့် အနာဂတ် မျှော်မှန်းချက်များကို မြို့နယ်အုပ်စု(၇)ခု ခွဲ၍ စာတမ်းရေးသားပြုစုဖေါ်ထုတ်ရန် ရန်ကုန်မြို့ရှိ ချင်းအမျိုးသားနေ့ ကျင်းပရေးကော်မတီက ဆုံးဖြတ်ခဲ့သည်။ ထိုသို့နှင့်အညီ ချင်းသမိုင်းပြုစုရေးကော်မတီကို ကော်မတီဝင်(၁၆)ဦးဖြင့် ဖွဲ့စည်းခဲ့၍ တာဝန်ပေးအပ်ထားသည်။ အဆိုပါ ချင်းသမိုင်းပြုစုရေးကော်မတီဝင်များက စာတမ်းရေးသား ပြုစုပြီး ချင်းလူမျိုးများ၏ “သမိုင်းဖြစ်စဉ်နှင့် ရိုးရာယဉ်ကျေးမှုဓလေ့ထုံးတမ်းများအကျဉ်း” စာအုပ်ကို ၂ဝဝ၁-ခုနှစ်၊ ဖေဖေါ်ဝါရီ လတွင် စာမူခွင့်ပြုချက်- ၁၄၁/၂ဝဝ၁(၂)ဖြင့် တရားဝင် ထုတ်ဝေဖြန့်ချီခဲ့လေသည်။ ယင်း စာအုပ်တွင် စာတမ်းရှင် ဦးအောင်ကျော်(ပလက်ဝ)က ရေးသားပြုစုသော “ပလက်ဝမြို့နယ်ရှိ ချင်းလူမျိုးများဆိုင်ရာစာတမ်း” စာမျက်နှာ (၁၆၃)၊ ပလက်ဝမြို့နယ်ရှိ ချင်းလူမျိုးနွယ်စုများစာရင်းတွင် “မတူတအွာ” မျိုးနွယ်စုကို ထည့်သွင်းဖေါ်ပြထားလျက် ရှိပါသည်။


၅။ သန်းခေါင်စာရင်းနှင့် တအောမျိုးနွယ်စု

နယ်ချဲ့အင်္ဂလိပ်အစိုးရသည် ၁၈၃ဝ-ခုနှစ်၌ အိန္ဒိယနိုင်ငံ သန်းခေါင်စာရင်းကို စတင်ကောက်ယူခဲ့သည်။ သို့ရာတွင် ပုံမှန်ကောက်ယူခြင်း မပြုနိုင်ခဲ့ချေ။ ထို့နောက် ၁၈၈၁-ခုနှစ်၊ ဖေဖေါ်ဝါရီလ(၁၇)ရက်နေ့တွင် ကောက်ယူခဲ့ သော သန်းခေါင်စာရင်းမှာ အိန္ဒိယနိုင်ငံ၏ ပထမဦးဆုံး အောင်မြင်သည့် သန်းခေါင်စာရင်းအဖြစ် မှတ်တမ်းတင်ခဲ့ကြ ပါသည်။ ထိုအခါမှစ၍ နယ်ချဲ့အင်္ဂလိပ်အစိုးရသည် သန်းခေါင်စာရင်းကို (၁ဝ)နှစ်တစ်ကြိမ် ပုံမှန်ကောက်ယူ ခဲ့လေ သည်။

ကိုလိုနီနယ်ချဲ့အင်္ဂလိပ်အစိုးရ၏ အုပ်ချုပ်ရေးယန္တရားအရ မြန်မာနိုင်ငံသည် လွတ်လပ်ရေးမရရှိမီ အထိ၊ အိန္ဒိယတိုက်ငယ်ထဲတွင် ပါဝင်သဖြင့် အိန္ဒိယနိုင်ငံမှတိုက်ရိုက်အုပ်ချုပ်ခဲ့သည်။ သို့ဖြစ်၍ မြန်မာနိုင်ငံ၏သန်းခေါင် စာရင်းကိုလည်း အိန္ဒိယနိုင်ငံမှတိုက်ရိုက်ကောက်ယူခဲ့ခြင်းဖြစ်ရာ၊ ၁၉ဝ၁-ခုနှစ်၊ မတ်လ(၁)ရက်နေ့တွင် ကောက်ယူခဲ့ သော သန်းခေါင်စာရင်းမှာ အိန္ဒိယနိုင်ငံမှကောက်ယူခဲ့သော မြန်မာနိုင်ငံ၏ ပထမဦးဆုံး သန်းခေါင်စာရင်း ဖြစ်သည်။ ထို့နောက် ၁၉၁၁-ခုနှစ်၊ မတ်လ(၁ဝ)ရက်တွင် ဒုတိယအကြိမ်၊ ၁၉၂၁-ခုနှစ်၊ မတ်လ(၁၈)ရက်တွင် တတိယအကြိမ်၊ ၁၉၃၁-ခုနှစ်၊ ဖေဖေါ်ဝါရီလ(၂၆)ရက်နေ့တွင် စတုတ္ထအကြိမ်၊ (လေး)ကြိမ်တိတိ ကောက်ယူခဲ့လေသည်။ တစ်ဖန် ၁၉၄၁-ခုနှစ်တွင် ပြန်လည်ကောက်ယူရန်ရှိသော်လည်း ဒုတိယကမ္ဘာစစ် ဝင်လာသဖြင့် မကောက်နိုင်တော့ဘဲ၊ မြန်မာ နိုင်ငံသည်လည်း လွတ်လပ်ရေး ရရှိခဲ့လေသည်။ အိန္ဒိယနိုင်ငံမှ ကောက်ယူခဲ့သော မြန်မာနိုင်ငံ၏ ပထမဦးဆုံး သန်းခေါင်စာရင်းမှသည် တတိယအကြိမ် သန်းခေါင်စာရင်းအထိ၊ နယ်မြေဒေသအလိုက် လူဦးရေစာရင်းကိုသာ ဖေါ်ပြပါရှိပြီး၊ မျိုးနွယ်စုအလိုက်၊ ဘာသာစကား အလိုက် ရေးသားဖေါ်ပြထားခြင်း မရှိခဲ့ပါ။ ၁၉၂၁-ခုနှစ်၊ သန်းခေါင်စာရင်း၌ ရခိုင်မြောက်ပိုင်းခရိုင် အုပ်ချုပ်ရေးနယ်မြေ (နယ်မြေသစ်)၏ လူဦးရေစာရင်းမှာ ရခိုင်မြောက်ပိုင်းခရိုင် အုပ်ချုပ်ရေးနယ်မြေ (Northern Arakan Hill Tract, Pengchaung Population)တွင် ရေတွက်ဝင်ခဲ့ကြောင်း ဦးခင်မောင်လတ်က မှတ်တမ်းတင်ခဲ့သည်။ ၁၉၃၁-ခုနှစ်၊ ဖေဖေါ်ဝါရီလ(၂၆)ရက်နေ့တွင် အိန္ဒိယနိုင်ငံမှ နောက်ဆုံးကောက်ယူခဲ့သော မြန်မာနိုင်ငံ၏ သန်းခေါင်စာရင်း(Census of India, 1931)တွင်မူကား မြန်မာနိုင်ငံ၏ လူဦးရေစာရင်းကို မျိုးနွယ်စုအလိုက်၊ ဘာသာ စကားအလိုက် အရေအတွက်နှင့်တကွ အတိအကျ ဖေါ်ပြထားသည်ကို တွေ့ရှိနိုင်ပါသည်။ ၁၉၃၁-ခုနှစ်၊ မြန်မာနိုင်ငံ သန်းခေါင်စာရင်းတွင် ချင်းလူမျိုးများကို(၄၄)မျိုး ခွဲခြား၍ ဖေါ်ပြထားရာ၊ တအောမျိုးနွယ်စုကိုလည်း Ta-oo(516)ဟူ၍ ဖေါ်ပြပါရှိသည်။

Kathe, Kyaw, Thado, Siyin, Sokte, Kamhow, Yo, Tashon, Yahow, Laizo, Kwangli, Ngorn, Lushei, Whelngo, lyante, Zahnyet, Lai, Lakher, Lawhtu, Kwelshin, Zotung, Sentang, Tamang, Miram, Zolamnai, Torr, Ta-oo, Mgan, Welaung, Chinbok, Yindu, Chinme, Chinbon, Taungtha, Sho, Khami, Anu, Kaungtso, Kaukadan, Ledu, Matu, Sittu, Chaunggyi Chin, Saingbaung.

ထို့ပြင် ၁၉၃၃ ခုနှစ်ထုတ် မြန်မာနိုင်ငံလူမျိုးစုများစာအုပ်၊ Major C. M. Enriquez, “Race of Burma” (Delhi: Manger of Publications, 1933) အရ၊ The Chin Hill Proper စာရင်းထဲတွင် Hakha(Southern), (48696)အုပ်စု၌ Ta-oo(516) ဟူ၍ ပါဝင်ခဲ့ပါသည်။ The Chin Hill Proper စာရင်းအရ၊ Haka S.D ထဲ၌ လူဦးရေပေါင်း(48,696)မှာ Hsemtang(7319), Zhotung(8992), M’gan(3141), Lawhtu(9675), Ta-oo(516), Toor(193), Wahtu (Zolam-nai)(2431), Maram(5329), Kwelshim(2809), Tamang(8291) စသော မျိုးနွယ်စုများ၏ လူဦးရေများ ပါဝင်ခဲ့သည်။

သို့သော် တော်လှန်ရေးကောင်စီခေတ် မဆလ-အစိုးရလက်ထက် ၁၉၇၃-ခုနှစ် မြန်မာနိုင်ငံ သန်းခေါင် စာရင်း ကောက်ယူရာတွင် တအော(Ta-aw) မျိုးနွယ်စုအမည် ပါမလာတော့ချေ။ တဖန် ၁၉၈၃-ခုနှစ် မြန်မာနိုင်ငံ သန်းခေါင်စာရင်းတွင်လည်း တအောမျိုးနွယ်စုအမည် မပါရှိခဲ့ပါ။ ၂ဝ၁၄-ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရာတွင်လည်း မြန်မာနိုင်ငံ တိုင်းရင်းသားလူမျိုး(၁၃၅)မျိုး အနက် ချင်းလူမျိုးနွယ်(၅၃)မျိုး ကို ဖေါ်ပြထားရာ၊ တအောမျိုးနွယ်စုအမည် မပါဝင်ဘဲ ချန်လှပ်ထားခဲ့လေသည်။

သို့ဖြစ်ရာ နိုင်ငံတော်အစိုးရမှ ပြဌာန်းသတ်မှတ်ခဲ့သော ချင်း(၅၃)မျိုးနှင့် ပတ်သက်၍ ပြန်လည်သုံးသပ် ရန်အတွက် CNC’S JOC ၏ တာဝန်ပေးထားခြင်းအရ၊ ၂ဝ၁၃-ခုနှစ်၊ အောက်တိုဘာလ(၅)ရက်နေ့၌ ရန်ကုန်မြို့မှ ချင်းလူကြီးများ တွေ့ဆုံဆွေးနွေးပွဲကို ရန်ကုန်မြို့တွင် ကျင်းပပြုလုပ်ခဲ့ရာ၊ ချင်းလူကြီး(၃၅)ဦး တက်ရောက်ခဲ့သည်။ ယင်း တွေ့ဆုံပွဲ၌ ထပ်နေသည့် မျိုးနွယ်စု(၈)ခုကို ဖြုတ်ပြီး၊ မျိုးနွယ်စု(၅)ခုကို ပြန်လည်လေ့လာသုံးသပ်ရန်၊ မျိုးနွယ်စု (၅)ခုကို ဖြည့်စွက်ရန်ဟူ၍ သဘောတူကြသည်။ ဖြည့်စွက်ရန် မျိုးနွယ်စု(၅)ခုမှာ- စုမ်းတူ၊ လိုင်းတူ၊ ချိုး၊ ခူမီးနှင့် တအော စသည်တို့ ဖြစ်ပါသည်။

ထို့နောက် ဒုတိယအကြိမ်၊ ချင်းအမျိုးသားညီလာခံကို ၂ဝ၁၃-ခုနှစ်၊ နိုဝင်္ဘာလ(၁၂-၁၅)ရက်နေ့၊ ချင်းပြည် နယ်၊ ဟားခါးမြို့တွင် ကျင်းပပြုလုပ်ခဲ့ရာ၊ တအောမျိုးနွယ်စုဆိုင်ရာစာတမ်းကို ကျွန်တော် ဦးဗန်တလင်းက ဖတ်ကြား တင်သွင်းခဲ့ပါသည်။ တစ်ဖန် ၂ဝ၁၅ ခုနှစ်၊ သြဂုတ်လ(၁၂-၁၃)ရက်နေ့တွင် ချင်းသမိုင်းဆိုင်ရာ နှီးနှောဖလှယ်ပွဲကို ရန်ကုန်မြို့(Taw Win Garden Hotel)၌ ကျင်းပပြုလုပ်ခဲ့ရာ၊ တအောမျိုးနွယ်စုဆိုင်ရာစာတမ်းကို ကျွန်တော် ဦးဗန်တလင်းကိုယ်တိုင် ဒုတိယအကြိမ် တင်သွင်းဖတ်ကြားခဲ့ပါသည်။

သို့သော် ၂ဝ၁၄-ခုနှစ်၊ ဇန်နဝါရီလတွင် ချင်းလူမျိုးနွယ်စုများအကြောင်း ရေးသားပြုစုသော ဖက်ဒရယ် ဂျာနယ် ပေါ်ထွက်လာခဲ့ရာ၊ ၂ဝ၁၃-ခုနှစ်၊ ဒုတိယအကြိမ်၊ ချင်းအမျိုးသားညီလာခံ၌ တင်သွင်းဖတ်ကြားသည့် စာတမ်း များကို ရေးသားဖေါ်ပြခဲ့သော်လည်း တအောမျိုးနွယ်စုဆိုင်ရာစာတမ်းကိုမူ မဖေါ်ပြဘဲ ချန်လှပ်ထားခဲ့လေသည်။ ဒုတိယအကြိမ်၊ ချင်းအမျိုးသားညီလာခံ၏ ဘုံသဘော တူညီချက်(၁၅၁)ခုအနက် ချင်းမျိုးနွယ်စု(၅၃)မျိုး အရေးနှင့် ပတ်သက်၍ ဘုံသဘောတူညီချက်၊ အမှတ်(၁၂၆)၌ ချင်းလူမျိုးတွင် မျိုးနွယ်စုများ(Tribes)၊ ဆွေမျိုးစုများ(Clans)၊ မျိုးတူစု(Family)၊ ဒေသဘာသာစကား(Dialects) စာပေအုပ်စု(Literature Groups) များစွာရှိကြောင်း အသိအမှတ် ပြုသည်ဟူ၍ ပါရှိပါလျက်နှင့် တအောမျိုးနွယ်စုအား ချန်လှပ်ထားခြင်းမှာ ချင်းလူမျိုးနွယ်စု အချင်းချင်းတို့အကြားတွင် ဘက်လိုက်ခြင်း၊ ခွဲခြားဆက်ဆံခြင်းပြုရာ သက်ရောက်စေပါသည်။ ထို့အပြင် ဆလိုင်းအိုက်ဇက်ခင်(ညှိနှိုင်းရေးမှူး) ဦးဆောင်သော ၂ဝ၁၄-ခုနှစ်၊ သန်းခေါင်စာရင်းဆိုင်ရာ ချင်း အမျိုးသားအထောက်အကူပြုကော်မတီ၊ ချင်းမျိုးနွယ်စု ရေတွက်ခြင်းဆိုင်ရာဆွေးနွေးပွဲ၊ ချင်းပြည်နယ်၊ ပလက်ဝ မြို့နယ်၊ ဆမီးမြို့၏ ၂ဝ၁၆-ခုနှစ်၊ ဖေဖေါ်ဝါရီလ(၂၉)-မတ်(၂)ရက်နေ့၊ သဘောထားထုတ်ပြန်ခြင်း အမှတ်(၂)၊ အပိုဒ်(ဃ)တွင် တအောမျိုးနွယ်စုဟု အဆိုပြုလာခြင်းနှင့်ပတ်သက်၍ “တအော”ဟူသော ဝေါဟာရသည် ဒေသကို ခေါ်ဝေါ်ခြင်းသာဖြစ်ပြီး၊ မျိုးနွယ်စုတစ်ခု မဟုတ်ကြောင်း၊ အကယ်၍ မျိုးနွယ်စုတစ်ခု အဖြစ် ရပ်တည်လိုသည်ဆိုပါက ခူမီးမျိုးနွယ်စုတွင် မပါဝင်ဘဲ၊ မတူပီမျိုးနွယ်စုတွင်သာ ပါဝင်ရန် ပိုမိုသင့်တော်ကြောင်း သဘောထားရှိကြပါသည်ဟု ဖေါ်ပြပါရှိရာ တအောမျိုးနွယ်စုသည် လစ်လျူရှုခြင်း ခံရပြန်ပါသည်။

တစ်ဖန်၂ဝ၁၆-ခုနှစ်၊ ဧပြီလ(ပထမအကြိမ်)ထုတ်၊ ၂ဝ၁၄-ခုနှစ် သန်းခေါင်စာရင်းဆိုင်ရာ ချင်းအမျိုးသား အထောက်အကူပြုကော်မတီ(Chin National Action Committee on Census 2014- CNACC)၏ ချင်းလူမျိုး အမည်စာရင်း အမှန်ရရှိရေး ဆောင်ရွက်မှုလုပ်ငန်းစဉ်၊ လေ့လာတွေ့ရှိချက်၊ ကော်မတီ၏ သဘောထားမှတ်ချက်နှင့် အကြံပြုချက်များစာအုပ် ထွက်ရှိလာခဲ့ပြန်ရာ၊ တအောမျိုးနွယ်စုအား မဖေါ်ပြဘဲ၊ ချန်လှပ်ထားခဲ့ပြန်သည်ကိုလည်း ဝမ်းနည်ဖွယ်ရာ တွေ့ရှိရပါသည်။


နိဂုံး

အကယ်၍ သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များအနေဖြင့် လက်တွေ့ကွင်းဆင်းလေ့လာမှု မရှိဘဲ၊ မျိုးနွယ်စု တစ်ခုကို ပစ်ပယ်ထားခြင်း၊ အခြားမျိုးနွယ်စုတစ်ခုတွင် ရောနှောထည့်သွင်းခြင်း၊ မျိုးနွယ်စုတစ်ခု၏ ဂုဏ်သိက္ခာနှင့် ဝိသေသလက္ခဏာကို မှေးမှိန်ညှိုးနွမ်းစေရန်ပြုလုပ်ခြင်းတို့သည် ၂ဝဝရ-ခုနှစ် စက်တင်ဘာလ(၁၃)ရက်နေ့၊ ထုတ်ပြန် ထားသည့် ကမ္ဘာ့ကုလသမဂ္ဂ၏ ဌါနေတိုင်းရင်းသားလူမျိုးများ အခွင့်အရေးဆိုင်ရာ ကြေညာစာတမ်း၊ အပိုဒ်(၆)နှင့် အပိုဒ်(၈)တို့ကို ချိုးဖျက်ရာ ရောက်ပါသည်။ ထို့ပြင် နိုင်ငံတော်၏ ၂ဝဝ၈-ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၈) နိုင်ငံသား၊ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန်များဆိုင်ရာ ပုဒ်မ(၃၄၇) တန်းတူညီမျှ အခွင့်အရေးရရှိခြင်းကို ပိတ်ပင်တားဆီးရာလည်း ရောက်စေပါသည်။

သို့ဖြစ်ပါ၍ ယနေ့ လူထုတွေ့ဆုံဆွေးနွေးပွဲတွင် တက်ရောက်လာကြသော ဂုဏ်အသရေရှိ လူကြီးမင်းများနှင့် ၂ဝ၁၄-ခုနှစ်၊ သန်းခေါင်စာရင်းဆိုင်ရာ ချင်းအမျိုးသားအထောက်အကူပြုကော်မတီ “CNACC” မှ တာဝန်ရှိ ပုဂ္ဂိုလ် များ၊ လူမျိုးနွယ်စုအသီးသီးမှ ကိုယ်စားလှယ်များအားလုံးတို့၏ ရှေ့မှောက်တွင် တအောမျိုးနွယ်စုသည် မိမိတို့၏ ကိုယ်ပိုင်ရိုးရာယဉ်ကျေးမှု၊ ဘာသာစကားနှင့် စာပေ၊ သမိုင်းနောက်ခံ အထောက်အထားများအရ၊ ရှေးပဝေသဏီ ကပင်လျှင် ချင်းပြည်နယ်အတွင်း အခြေချနေထိုင်လျက်ရှိသော ချင်းတိုင်းရင်းသား လူမျိုးနွယ်စုဝင် မျိုးနွယ်စုတစ်ခု ဖြစ်ကြောင်း ဤစာတမ်းကို ဖတ်ကြားတင်သွင်းအပ်ပါသည်။ ။


ဦးဗန်တလင်း(ရန်ကုန်)

တအောမျိုးနွယ်စုကိုယ်စား

၂ဝ၁၇-ခုနှစ်၊ ဖေဖေါ်ဝါရီလ(၁ဝ)ရက်



ကိုးကား

1. ဦးရွန်းရိုထန်း၊ ချင်းအမျိုးသားနေ့၊ ရွှေရတုသဘင် အထိမ်းအမှတ်မဂ္ဂဇင်း(၁၉၄၈-၁၉၉၈)။ (စာ-၁၄)

2. သိက္ခာတော်ရ ဦးဒယ်နီရယ်ပိုင်၊ မတူမျိုးနွယ်(ချင်း) ဆင်းသက်လာပုံသမိုင်း၊ ၂ဝဝ၃။ (စာ-၂၁)

3. ဦးရိုဆန်း၊ ချင်းလူမျိုးများ ဆင်းသက်ဝင်ရောက်သည့်လမ်းကြောင်း၊ ၂ဝ၁၄။ (စာ-၃၉၈)

4. ဦးဗန်တလင်း၊ တအောဆွေမျိုးသာချင်းများ၊ ၂ဝ၁ဝ။(စာ-၅)

5. ဦးရိုင်တွေး၊ တမူပြောင်း ပျူဟောင်းမှ တောင်သား၊ ၂ဝ၁၆။(စာ-၁၄၅)

6. ဦးခင်မောင်သန်း(မှော်ဘီ)၊မြို(ခေါ်) ခမိတိုင်းရင်းသား ဓလေ့ထုံးစံ ရိုးရာယဉ်ကျေးမှုနှင့် ဆင်းသက်လာပုံသမိုင်း၊ ၂ဝ၁၃။စာ-၆၈။

7. ဦးဗန်တလင်း၊ တအောစာပေ သင်နည်းလမ်းညွှန်၊ ပထမအကြိမ်၊ ၂ဝဝ၁။

8. အေးသိန်း(သမိုင်းသုတေသီ)၊ ရခိုင်မျိုးနွယ်စု ညီအစ်ကိုမောင်နှမများနှင့် ရခိုင်သမိုင်းမှတ်တမ်းများ၊၂ဝ၁၅။(စာ-၁၇)

9. G.E.R. Grant Brown, I.C.S, Burma Gazetteer, Northern Arakan District. Vol. A, 1960.

10. ခူမီးမျိုးနွယ်စုဝင်သမိုင်း ပြုစုရေးကော်မတီ၊ ပလက်ဝမြို့နယ် ခူမီးမျိုးနွယ်စုဝင်သမိုင်း၊ (ကန့်သတ်)၊ ၂ဝဝဝ။(စာ၊ ၁၆၃-၁၆၅)

11. Headman Order Register of Ta-Ua Circle: No. 96/27 M of 1948/49.

12. Register of Headman in Matupi Subdivision, 38/144(a) 1957.

13. ချင်းသမိုင်းရှာဖွေပြုစုရေးကော်မတီ(ရန်ကုန်)၊ ချင်းလူမျိုးများ၏ သမိုင်းဖြစ်စဉ်နှင့် ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံများအကျဉ်း၊၂ဝဝ၁။

14. History of Census in India, Drop-in-Article on Census- No. 5., Census of India, 2011.

15. Captain J. H. Green, Census of India, 1931 Vol. XI, Part I. A report by I. J. Benison, “A note on the Indigenous Races of Burma” (Rangoon: Governing Printing Press, 1931), 198.

16. Major C. M. Enriquez, Race of Burma (Delhi: Manger of Publications, 1933).

17. ၂ဝ၁၄ သန်းခေါင်စာရင်းဆိုင်ရာ အထောက်အကူပြုကော်မတီ၏ သန်းခေါင်စာရင်းဆိုင်ရာ ဆောင်ရွက်ချက်အစီရင်ခံစာ။(စာ-၁၂ဝ)

18. ဒုတိယအကြိမ်၊ ချင်းအမျိုးသားညီလာခံ၏ ဘုံသဘောတူညီချက်များ၊ ၂ဝ၁၃။(စာ-၃၂)